PANDA က ကူညီနိုင်ပါသည်။ သင့်အတွက် သို့မဟုတ် သင်သိကျွမ်းသူတစ်ဦးဦးအတွက် ဖုန်းဆက်ပါ။
မိဘဖြစ်စလား သို့မဟုတ် ကိုယ်ဝန်ဆောင်နေချိန်လား။ သင်ခံစားနေရပုံအပေါ်စိတ်ပူပန်နေသလား။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိစစ်ရမည့် စာရင်း
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိစစ်ရမည့် စာရင်း
ဤစိစစ်ရမည့်စာရင်းသည် သင်ခံစားနေရပုံများအပြင် အကူအညီ ပိုမိုရရှိခြင်းအားဖြင့် သင့်စိတ်ကျန်းမာရေးအတွက် အကျိုးရှိမရှိကို သင် ပိုမိုနားလည်နိုင်စေမည့် မေးခွန်းများ မေးမြန်းထားသည်။
PANDA ၏အကြောင်း
PANDA သည် ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးနောက် တစ်နှစ်ကြာကာလအတွင်း စိုးရိမ်သောကဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း၊ မီးဖွားပြီးနောက်ဖြစ်သော စိတ်လွတ်ရောဂါတို့ကို ခံစားနေရသူများနှင့် မိဘဖြစ်လာရခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသူများအတွက် တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အထူးပညာရှင်များက ကူညီပေးသည့် ဖုန်းလိုင်းကို စီမံလုပ်ဆောင်ပေးပါသည်။
ကျွန်ုပ်တို့သည် ထိခိုက်ခံစားနေရသူများ မိမိတို့ဘာဖြစ်နေသည်ကို သိရှိစေရန်နှင့် အကူအညီရယူနိုင်ကြစေရန် ဤစိုးရိမ်စရာကောင်းပြီး ဖြစ်လေ့ဖြစ်ထရှိသည့်မမာမကျန်းဖြစ်မှုကို သတိပြုမိကြစေရန်လည်း တိုးမြှင့်အသိပေးပါသည်။
“အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်ုပ်ဘယ်တော့မှ ပြန်မကောင်းတော့ဘူလို့ ထင်နေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်ုပ် ပြန်ကောင်းလာပါတယ်။”
စကားပြန်များ ရနိုင်ပါသည်
PANDA တွင် အင်္ဂလိပ်ဘာသာစကား မပြောသူများ သို့မဟုတ် နားအကြားအာရုံ ချွတ်ယွင်းနေသူများ သို့မဟုတ် စကားသေချာစွာ မပြောဆိုနိုင်သူများအား ကူညီပံ့ပိုးရန် စကားပြန်များ ရှိပါသည်။
“ကလေးမမွေးခင် အချိန်မှာတောင် အဲဒီလိုဖြစ်နိုင်တယ်လို့ ကျွန်မကို ဘယ်သူကမှ မပြောခဲ့ပါဘူး။”
အကူအညီ ရယူရမည့်အချိန်
ကိုယ်ဝန်ရှိခြင်း သို့မဟုတ် မိဘ စတင်ဖြစ်လာခြင်းသည် စိတ်လှုပ်ရှားရပြီး ပျော်စရာကောင်းရသလို တစ်ချိန်တည်းမှာလည်း အခက်အခဲများကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။ အပြောင်းအလဲများအတိုင်း လိုက်ညှိနေရသည့်အခက်အခဲအချို့ ရှိခြင်းမှာ သဘာဝပင်ဖြစ်ပါသည်။ သို့သော်၊ သာမန်ဖြစ်နေကျ ကောင်းတစ်ခါ ဆိုးတစ်လှည့်အခြေအနေမှ ပိုပြီးဆိုးဝါးလာကာ ရက်သတ္တပါတ်နှစ်ပတ် သို့မဟုတ် ထို့ထက်ပိုပြီး ဖြစ်လာခဲ့ပါက အကူအညီတောင်းဖို့ အချိန်ကျပြီ ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးနောက် တစ်နှစ်ကြာကာလအတွင်း စိုးရိမ်သောကဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည်ဖြစ်နေကျ ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင် သို့မဟုတ် မိခင်ဖြစ်စ အမျိုးသမီး ငါးယောက်လျှင် တစ်ယောက်နီးပါးနှင့် ကိုယ်ဝန်ဆောင်စ ဇနီးရှိသော အမျိုးသားများ သို့မဟုတ် ဖခင်ဖြစ်စ အမျိုးသားများ ဆယ်ယောက်လျှင် တစ်ယောက်သည် ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးနောက် တစ်နှစ်ကြာကာလအတွင်း စိုးရိမ်သောကဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းကို တွေ့ကြုံခံစားရပါလိမ့်မည်။ ၎င်းသည် ကိုယ်ဝန်ဆောင်ချိန်(မမွေးမီ) သို့မဟုတ် မီးဖွားပြီး (ကလေးမွေးပြီး) တစ်နှစ်အတွင်း ဖြစ်နိုင်ပါသည်။ ‘ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးနောက် တစ်နှစ်ကြာကာလ’ (‘perinatal’) ဆိုသည့်စကားလုံးသည် ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးနောက် တစ်နှစ်တာကာလ နှစ်မျိုးစလုံးကို ရည်ညွှန်းပါသည်။
“ကျွန်တော်က ကျွန်တော့် အိမ်ထောင်ဖက်အတွက် စိတ်ပူပါ တယ်၊ ဒါပေမဲ့ သူမက ကျွန်တော့်ကို စကားမပြောဘူး။”
မီးဖွားပြီးနောက်ပိုင်းတွင်ဖြစ်သော စိတ်လွတ်ရောဂါ
မီးဖွားပြီးနောက်ပိုင်းတွင်ဖြစ်သော စိတ်လွတ်ရောဂါသည် ဖြစ်ခဲသော်လည်း မိခင်ဖြစ်စ ၁၀၀၀ လျှင် တစ်ယောက်မှ နှစ်ယောက်အထိ ဖြစ်တတ်သော ပြင်းထန်ဆိုးရွားသည့် ရောဂါတစ်ခုဖြစ်ပြီး မိခင်ရော ကလေးကိုပါ အန္တရာယ်ပေးနိုင်ပါသည်။ ၎င်းကြောင့် အမြဲတမ်းလိုလိုပင် ဆေးရုံတင်ရလေ့ရှိပါသည်။ ရောဂါလက္ခဏာများမှာ ရုတ်တရက်ပေါ်လာတတ်ပြီး စိတ်အပြောင်းအလဲများ ဖြစ်လွန်းခြင်း၊ အပြုအမူများ သိသိသာသာ ပြောင်းလဲလာခြင်းနှင့် မျက်မှောက်လောကနှင့် အဆက်ပြတ်လာခြင်းတို့ ပါဝင်နိုင်ပါသည်။
“ကျွန်မကတော့ ကမ္ဘာပေါ်မှာ အဆိုးဆုံးမိခင်တစ်ယောက်ပါ။”
PANDA က ကူညီနိုင်သည့်နည်းလမ်းများ
သင်သည် သင်၏ စိတ်ခံစားမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိတ်ပူပန်နေရသော ကိုယ်ဝန်ဆောင် သို့မဟုတ် မိခင်ဖြစ်စအမျိုးသမီး ဖြစ်ပါက သို့မဟုတ် သင်သိကျွမ်းသူတစ်ဦးဦးသည် ထိုသို့သောသူ ဖြစ်နေပါက ကူညီပံ့ပိုးမှုရယူရန် အရေးကြီးပါသည်။ ကူညီပံ့ပိုးမှု စောစောရယူလေ၊ သင် စောစော သက်သာရာရနိုင်လေ ဖြစ်ပါသည်။
PANDA ၏ တစ်နိုင်ငံလုံးဆိုင်ရာ ကိုယ်ဝန်ဆောင်ချိန်နှင့်မွေးဖွားပြီးနောက် တစ်နှစ်ကြာကာလအတွင်း စိတ်ပိုင်းကျန်းမာရေးဆိုင်ရာ အကူအညီရယူရန် ဖုန်းလိုင်း (National Perinatal Mental Health Helpline) သည် မိခင်ဖြစ်စနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အားလုံးကို အခမဲ့ ဆွေးနွေးအကြံပေးသည့် ဝန်ဆောင်မှု အရ ကူညီပံ့ပိုးပေးပါသည်။
ကျွန်ုပ််တို့၏ အဆင့်မြင့်မြင့် လေ့ကျင့်သင်ကြားထားပြီး တယ်လီဖုန်းဖြင့် ဂရုတစိုက်ဆွေးနွေးလမ်းညွှန်ပေးသူများက သင့်စိုးရိမ်ပူပန်မှုများကို လက်ခံနားထောင်ပြီးနာလန်ထူခြင်း၏ ပထမခြေလှမ်းများအတွက် သင့်အား ကူညီပေးပါလိမ့်မည်။
“တကယ်လို့ ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ တခြားသူတွေကို ပြောပြရင် ကျွန်မဟာ ဆိုးတဲ့မိဘတစ်ယောက်လို့ ထင်ကြလိမ့်မယ်လို့ ယူဆပါတယ်။”
ဤအကြောင်းကို ပြောပြခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်
ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးနောက် တစ်နှစ်ကြာကာလအတွင်း စိုးရိမ်သောကဖြစ်ရခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည် ပြင်းထန်ဆိုးရွားသည့် ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းသည် မည်သည့် မိခင်ဖြစ်စ သို့မဟုတ် ကိုယ်ဝန်ဆောင် အမျိုးသမီးမှာမဆို ဖြစ်နိုင်ပါသည်။ ၎င်းအတွက် ရှက်နေစရာ လုံးဝမလိုပါ။ ထိုအကြောင်းကို ပြောပြရန် ပြဿနာ မရှိပါ။ အမှန်တကယ်တွင် သင်ပြောပြလိုက်ခြင်းက ပိုကောင်းပါသည်။
အခြားသူများအား သင်ရုန်းကန်နေရမှုများအကြောင်းကို ပြောပြခြင်း သို့မဟုတ် သင် အကူအညီလိုအပ်နေကြောင်းကို ဝန်ခံခြင်းသည် ပျော့ညံ့နေမှု၏လက္ခဏာ မဟုတ်ပါ။ ၎င်းက သင့်အနေနှင့် သင့်အတွက်နှင့် သင့်မိသားစုအတွက် အကောင်းဆုံး ဖြစ်စေချင်ကြောင်းကို ပြသသည်။
“ကျွန်မက ကျွန်မရဲ့ကလေးကို ချက်ခြင်း ချစ်သွားမှာဘဲလို့ ထင်မိခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မ သမီးလေးကို မကြည့်ချင်လောက်အောင် ဖြစ်နေပါတယ်။”
ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးနောက်တစ်နှစ်ကြာကာလအတွင်း စိုးရိမ်သောကဖြစ်ခြင်းနှင့်စိတ်ဓာတ်ကျခြင်းတို့၏ လက္ခဏာများ
ရောဂါ လက္ခဏာများတွင် အောက်ပါအချက်များ ပါဝင်ကောင်း ပါဝင်နိုင်ပါသည်။ --
- အကြောင်းတစ်စုံတရာ မရှိဘဲ ဝမ်းနည်းနေခြင်း၊ စိတ်အားငယ်နေခြင်း သို့မဟုတ် ငိုနေခြင်း
- မိမိကလေး၏ ကျန်းမာရေး သို့မဟုတ် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာရေးအပေါ် မကြာခဏ အာရုံစူးစိုက်သည့် အဆက်မပြတ် ယေဘုယျအားဖြင့် စိတ်ပူပန်နေခြင်း
- စိတ်လှုပ်ရှားနေခြင်း၊ ‘နေမထိ ထိုင်မထိ’ ဖြစ်နေခြင်း၊ သို့မဟုတ် ထိတ်လန့်တုန်လှုပ်နေခြင်း
- စိတ်ဆတ်ခြင်း သို့မဟုတ် စိတ်ဆိုးလွယ်ခြင်း
- မိတ်ဆွေများနှင့် မိသားစု တို့ဖြင့် စိတ်ခွာနေခြင်း
- မိမိ၏ကလေးက အိပ်နေသည့်တိုင် မိမိက အိပ်ပျော်ရန် ခက်ခဲနေခြင်း
- ရုတ်ခြည်း စိတ်အပြောင်းအလဲများ ဖြစ်ခြင်း
- အမြဲတမ်း ပင်ပမ်းနွမ်းနယ်နေပြီး စွမ်းအင်မရှိသလို ခံစားရခြင်း
- ပျို့ချင်အန်ချင်ခြင်း၊ အော့အန်ခြင်း၊ ဇောချွေးပြန်ခြင်း၊ စားချင်စိတ် မရှိခြင်းတို့ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
- ပုံမှန်အားဖြင့် မိမိ ဝမ်းသာ ပျော်ရွှင်မှုရနေကျအရာများအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာရှိခြင်း သို့မဟုတ် လုံးဝ မရှိခြင်း
- တစ်ယောက်ထဲနေရမှာ သို့မဟုတ် အခြားသူများနှင့်နေရမှာကို ကြောက်ရွံ့ခြင်း
- အာရုံစူးစိုက်ရန်၊ အာရုံစုစည်းမှုရှိရန် သို့မဟုတ် မှတ်မိရန် ခက်ခဲနေခြင်း
- အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲမှု တိုးလာခြင်း
- ထိတ်ထိတ်ပျာပျာဖြစ်ခြင်းများ (နှလုံးခုန်နှုန်း အလွန်မြန်ခြင်း၊ ရင်တလှပ်လှပ် ဖြစ်ခြင်း၊ အသက်ရှူမဝခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း သို့မဟုတ် မိမိပတ်ဝန်းကျင်နှင့် အဆက်အစပ်မှုမရှိဖြစ်နေသည်ဟု ခံစားရခြင်း)
- အစွဲအလမ်းကြီးသော သို့မဟုတ် စိတ်ထိန်းမရဘဲ လုပ်တတ်သော အမူအရာများ ဖြစ်ပေါ်လာခြင်း
- သေလိုသော၊ မိမိကိုယ်ကို သတ်သေလိုသော သို့မဟုတ် သင့်ကလေးအား အန္တရာယ်ပြုလိုသော အတွေးများပေါ်ပေါက်ခြင်း
ဤနေရာတွင် စာရင်းမဖော်ပြထားသော နောက်ထပ် ရောဂါလက္ခဏာ များစွာရှိပါသေးသည်။ အကယ်၍ သင် သို့မဟုတ် သင်နှင့်နီးစပ်သူတစ်ဦးဦးထံ၌ နှစ်ပတ် သို့မဟုတ် နှစ်ပတ်ထက်ပိုပြီး ရောဂါလက္ခဏာများ သို့မဟုတ် စိတ်ခံစားချက်များရှိနေပါက ကျေးဇူးပြုပြီး ကူညီပံ့ပိုးမှု ရယူပါ။
“ယခုမှ မိဘဖြစ်လာကြသူများအားလုံး ဒီလောက် ဆိုးဆိုးဝါးဝါး ခံစားကြရသလား။”
ကျွန်ုပ်တို့၏ အခမဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးနောက် တစ်နှစ်ကြာကာလအတွင်း စိတ်ပိုင်း ကျန်းမာရေးဆိုင်ရာ အကူအညီရယူရန် ဖုန်းလိုင်း (National Perinatal Mental Health Helpline)
1300 726 306 ကို
တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉ နာရီမှ ညနေ ၇.၃၀ နာရီအထိ ဩစတြေးလျားနိုင်ငံ အရှေ့ပိုင်းစံတော်ချိန်/ဩစတြေးလျားနိုင်ငံ နွေရာသီစံတော်ချိန် ဖုန်းဆက်ပါ။
ပန်ဒါ (PANDA) ၏ နိုင်ငံလုံးဆိုင်ရာ အကူအညီဖုန်းလိုင်းကို သင့်ဘာသာစကားအပါအဝင် ဘာသာစကား များစွာဖြင့် ရပါသည်။
ပန်ဒါအကူအညီဖုန်းလိုင်းကို ဖုန်းခေါ်ဆိုသောအခါ၊ သင်သည် စကားပြန်လိုအပ်ကြောင်း ကျွန်တော်တို့အား သိစေရန် “၁” ကို နှိပ်ပါ။
သင့်ဖုန်းအား ဖြေကြားသောအခါ ဘာဖြစ်မည်နည်း။
သင့်ဖုန်းကို အင်္ဂလိပ်စကားပြော အကြံပေးပုဂ္ဂိုလ်တစ်ဦးက ဖြေကြားပေးပါမည်။ ကျွန်တော်တို့ သင်ပြောလိုသည့် ဘာသာစကား သိရန် လိုအပ်ပါမည် - အကြံပေးပုဂ္ဂိုလ်တစ်ဦးအား သင် ပြောလိုသော ဘာသာစကားအမည်ကို ပြောပြရုံမှတပါး အင်္ဂလိပ်လို ပြောရန် မလိုအပ်ပါ။
ပန်ဒါမှ စကားပြန်တစ်ဦးကို စီစဉ်ပေးမည်ဖြစ်ပြီး ရရှိသည့်အခါ ကျွန်တော်တို့ သင့်အား ပံ့ပိုးပေးမည့်ကိစ္စကို စတင်လုပ်ပေးပါမည်။
စကားပြန်မရရှိနိုင်ပါက သင့်အား ကျွန်တော်တို့ ဖုန်းပြန်ခေါ်ပါမည်။
အရေးပေါ်အကူအညီ လိုအပ်ပါက သုံည သုံးလုံး (၀၀၀) သို့မဟုတ် အနီးပတ်ဝန်းကျင်ရှိ ဆေးရုံအရေးပေါ်လူနာဌာနကို ဖုန်းခေါ်ပါ။
ပန်ဒါ အကူအညီဖုန်းလိုင်း၏ ရုံးချိန်ပြင်ပ ပံ့ပိုးမှု လိုအပ်ပါက အသက်ကယ်ဖုန်းလိုင်း (Lifeline) ၁၃ ၁၁ ၁၄ ကို ဖုန်းခေါ်ပါ။